Monday, July 1, 2013
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား
(၃) ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား
(၃) ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား
အချိန်ကာလ ဤ၍ဤမျှဟု ရေတွက်ခြင်းမှာ မတတ်နိုင်သောမဟာကပ်ကမ္ဘာပေါင်း အသင်္ချေယျတို့အနက်မှ ခုနှစ်ခုသော အသင်္ချေအတွင်း၌ ပွင့်တော်မူကြကုန်သော ဗြဟ္မာဒေဝ အစရှိသည့် တစ်သိန်းရှစ်သောင်းငါးထောင် (၁၈၅,၀၀၀) ကုန်သော ဘုရားရှင်တို့ကို ဂေါတမ ဗုဒ္ဓဘုရားလောင်းလျာသည် ဖူးမြင်ကြုံတွေ့ခဲ့ရလေသည်။ ထိုဘုရားရှင်တို့၏ ဓမ္မဒေသနာကို ကြားနာရလေလျှင် ဘုရားဖြစ်လိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာ၍ ပါရမီ ၁၀ ပါး၊ ပရိစ္စာဂ ငါးပါးတို့ကို တစ်စတစ်စ ဖြည့်ဆည်းတော်မူလေသည်။
နောက်တစ်ဖန် ကိုးအသင်္ချေသော ကာလအတွင်းပွင့်တော်မူကြကုန်သော ပေါရဏသကျ ဂေါတမ အစရှိသည့် သုံးသိန်းရှစ်သောင်း ခုနှစ်ထောင်ကုန်သော ဘုရားရှင်တို့နှင့် တွေ့ကြုံရပြန်သည်။ ထိုဘုရားရှင်တို့ကို ပစ္စည်းလေးပါးတို့ဖြင့် ပူဇော်မူကို ပြုလုပ်ရ၍ တရားတော်ကို နာရသဖြင့် နောင်သောအခါ ငါသည်လည်း လူတွင်ထင်ရှား ဘုရားစင်စင် ဖြစ်ပါစေကြောင်းကို ဆုတောင်းပတ္ထနာ ပြုတော်မူလေ၏။ ဤသို့ဖြင့် ပါရမီ ဆယ်ပါး၊ ပရိစ္စာဂ ငါးပါးတို့ကို အမြဲကြိုးစား အားထုတ်လေ၍ ပါရမီအဆောက်အအုံရင့်မာလာသောအခါ ဤကမ္ဘာမှ စ၍ပြန်ရေတွက်သော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာ ရှင့်ရသေ့ အဖြစ်သို့ ရောက်ရှိတော်မူသည်။
ထို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်တွင် ပွင့်တော်မူခဲ့ပြီးသော နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့အနက် ဒီပင်္ကရာ ဘုရားလက်ထက်တွင် နီယတဗျာဒိတ်ကို ခံယူရရှိလေသည်။
ဂေါတမ မြတ်စွာဘုရား အလောင်းတော်သည် ဒီပင်္ကရာမြတ်စွာဘုရားမှစ၍ ကဿပမြတ်စွာဘုရားတိုင်အောင် ၂၄ ဆူသော ဘုရားရှင်တို့ထံတွင် ဗျာဒိတ်တော် ခံယူခဲ့သည်။ ဗျာဒိတ်ခံယူသည့်ဘဝတို့မှာ
ရသေ့အဖြစ် (၅) ဘဝ
ရဟန်းအဖြစ် (၉) ဘဝ
လူအဖြစ် (၅) ဘဝ
နဂါးအဖြစ် (၂) ဘဝ
အဖြစ်တစ်မျိုးစီဖြင့် (၃) ဘဝ
ပါရမီ ၁၀ ပါး
ဗျာဒိတ်တော် ရပြီးလျှင် ဘုရားအဖြစ်သို့ ရောက်ရန် ဆယ်တန်သော ပါရမီတို့ကို သုမေဓာ ရသေ့ဘဝမှ စ၍ ဖြည့်ကျင့်လေတော့၏။ ထို ပါရမီများမှာ…
၁) ဒါန ပါရမီ = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
ဤပါရမီ ၁၀ပါးကို ကိုယ်လက်အင်္ဂါ စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ဥပပါရမီ ဆယ်ပါး ဟုခေါ်သည်။ အသက်ကို စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ပရမတ္ထပါရမီဆယ်ပါး ဟု ခေါ်သည်။ ထို့ကြောင့် ပါရမီဆယ်ပါး၊ ဥပ ပါရမီဆယ်ပါး၊ ပရမတ္ထ ပါရမီဆယ်ပါး၊ အပြားအားဖြင့် သုံးဆယ်ရှိ၏။ ပါရမီဆယ်ပါး အပြားသုံးဆယ်ဟု အများသိကြ၏။
ထိုအချိန်မှစ၍ ဗောဓိသမ္ဘာရအပေါင်းကို ဖြည့်ဆည်းကြတော်မူခဲ့ရာ ယခုဘဒ္ဒကမ္ဘာထက်တွင် မဟာသမ္မတမင်း၊ သုဒဿနဝရမန္ဓာတ်မင်း၊ မာဃဒေဝမင်း၊ နေမိမင်း၊ တေမိမင်း၊ သိဝိရာဇ်မင်း၊ စန္ဒကုမာရ၊ မဟာဂေါဝိန္ဒ။ အကိဗြာဟ္မဏ၊ သင်္ခဗြဟ္မဏ၊ ဓနဉ္စယ၊ သသရာဇာ ဟတ္တိနာဂ၊ ဘူရိဒတ္ထ၊ စမ္ပေယျ၊ စူဠဗောဓိ၊ မဟိံလ၊ ရုရုမိဂ၊ မာတင်္ဂ၊ ဂမ္မာစမ္မ၊ ဇယဒိသ၊ သင်္ခပါသ၊ ယုဝဉ္စယ၊ သောမနဿ အယောဃရ၊ သောဏဒန္တ၊ ကပိရာဇ၊ သန္ဓယုတ၊ ဝဋ္ဋပေါတက၊ မစ္ဆဇ၊ ကဏှာဒီပါယန၊ မဟာသုဘသောမ၊ သုဝဏ္ဏသာမ၊ ဧကရာဇာ၊ မဟာလောမဟံသ တစ်ကြိမ်စီအားဖြင့် သုံးဆယ့်ငါးကြိမ် ဖြစ်တော်မူပြီးသော် ရင့်မာသဖြင့် ဘုရားမဖြစ်မီ နောက်ဆုံးလူ့ဘဝဖြစ်သော ဝေဿန္တရာမင်း၏ အဖြစ်သို့ရောက်တော်မူလေသည်။
ဝေဿန္တရာမင်းအဖြစ်မှ စုတေလေသော် တုသီတာနတ်ပြည်၌ သေတကေတုအမည်ရှိသော နတ်မင်းဖြစ်၍ နတ်တို့၏ အရေအတွက်အားဖြင့် အနှစ်လေးထောင်၊ လူတို့၏အရေအတွက်အားဖြင့် သက်တမ်းနှစ် ငါးဆယ့်ခုနှစ်ကုဋေ၊ ခြောက်သန်းစေ့အောင် စည်းစိမ်ခံစား၍နေလေသည်။
ဤသို့နတ်စည်းစိမ်ခံစားနေစဉ် စုတေချိန်နီး၍ နိမိတ် (၅)ပါး ထင်လတ်၍ လူ့ပြည်တွင်အနှစ်တစ်ထောင်ခန့်ကပင် ဘုရားပွင့်တော်မူမည်ဟု အုတ်အော်သောင်းတင်း ဗုဒ္ဓကောလာဟလ ဖြစ်လျက်ရှိနေလေရာ စကြာဝဠာတစ်သောင်းအတွင်းရှိ သိကြား နတ် ဗြဟ္မာအပေါင်းတို့က လေ့လာရှုမျှော်ကြလေသော် အလောင်းတော် သေတကေတုနတ်သားကို တွေ့မြင်ကြသည်။ အလောင်းတော်နတ်သားထံချဉ်းကပ်၍ လူ့ပြည်သို့ဆင်းသက်ကာ ဘုရားဖြစ်ရန်အချိန်တန်ပြီဖြစ်ကြောင်း တောင်းပန်တိုက်တွန်း ပြောဆိုကြလေသည်။
အလောင်းတော် သေတကေတ နတ်သားကလည်း ကြည့်ခြင်း ၅ ပါး ဖြစ်သော…
၁) ကာလ – ဘုရားဖြစ်ထိုက်သောကာလ ဟုတ်မဟုတ်
လူတို့၏ သက်တမ်းသည် အသင်္ချေယျမှ ဆယ်နှစ်တိုင်အောင် တဖြည်းဖြည်း ယုတ်လျော့သွား၏။ ထိုဆယ်နှစ်မှတစ်ဖန် အသင်္ချေယျတိုင်အောင် တဖြည်းဖြည်းတက်လာ၏။ ထို ဆုတ်ကပ် တက်ကပ် တစ်ခုကို အန္တရကပ်ဟုခေါ်သည်။ အသင်္ချေယျမှ တစ်သိန်းကြား ကာလအတွင်းဖြစ်သော လူတို့၏သက်တမ်းသည် အလွန်ရှည်ကြာလွန်းသဖြင့် ထိုခေတ်တွင် လူတို့၏ ဇာတိ၊ ဇရာ၊ မရဏတည်း သုံးပါးနှင့်စပ်သော တရားစကားကို ဟောကြားသော်လည်း မယုံကြည်ကြ၊ ထိုကာလမျိုးသည်ကား မြတ်စွာဘုရားတို့ပွင့်သည့်ကာလမျိုးမဟုတ်ချေ။ လူတို့၏ အနှစ်တစ်ရာကာလ၏ အောက်တွင်လည်း သတ္တဝါတို့ ကိလေသာပြန့်ပြော၍ လောဘ၊ ဒေါသ၊ မောဟတရား အားကြီးသဖြင့် ဟောကြားဆုံးမသော တရားတို့ကို မလိုက်နာ၊ မကျင့်ကြံလိုကြချေ။ ထိုကာလအတွင်းလည်း ဘုရားမပွင့်ကြပေ။
တစ်သိန်းမှ တစ်ရာသက်တမ်းရှိသောကာလတွင်သာ ဘုရားတို့ပွင့်မြဲဖြစ်သည်။ ယခုလူတို့၏သက်တမ်းသည် တစ်ရာသက်တမ်းဖြစ်၍ သင့်တော်သောအချိန်ဖြစ်ကြောင်း တွေ့မြင်လေသည်။
မြင်းမိုရ်တောင်၏ လက်ယာ၌ရှိသော ဇမ္ဗူဒိပ်ကျွန်းသည်သာ မြတ်စွာဘုရားတို့ပွင့်ရာ ကျွန်းဖြစ်သဖြင့် ထိုကျွန်း၌ပင် ဘုရားပွင့်တော်မူရန် ဖြစ်သည်။
ဇမ္ဗူဒိပ်ကျွန်း၌လည်း မဇ္ဈိမဒေသသည်သာလျှင် ဘုရားတကာတို့ပွင့်ရာအရပ်ဖြစ်သည်။
အမျိုးလေးပါးတို့တွင် သာကီဝင်မင်းမျိုး တို့သည်သာ မြင့်မြတ်သောအမျိုးဖြစ်၍ မင်းမျိုးတို့တွင်လည်း သက္ကတိုင်း ကပိလဝတ်ပြည်ကို အစိုးရသော သုဒ္ဓေါဒန မင်းကြီးသည် မဟာသမ္မတမင်းမှစ၍ သုံးသိန်း သုံးသောင်းလေးထောင့်ငါးရာ ခြောက်ဆယ်ခုနှစ်ပါးသော (၃၃၄,၅၆၇) ဥက္ကာဝံသ၊ မဟာဝံသ၊ အသမ္ဘိန၊ ခတ္ထိယအစစ်ဖြစ်သည်။ ထိုမင်း၏ မိဖုရားဖြစ်သော သီရိမဟာမာယာသည်လည်း အယုတ်တရားမှကင်းလျက် ငါးပါးသီလတရားရှိသဖြင့် အမိဖြစ်ထိုက်သူ ဖြစ်သည်။ ထို့ကြောင့် သေတကေယတု နတ်သားသည် နန္ဒဝန်ဥယျာဉ်သို့ ဝင်ပြီးစုတေကာ မိဖုရား သီရိမဟာမာယာ၏ ဝမ်းတိုက်၌ ပဋိသန္ဓေစွဲ၍ တည်လေသည်။
မဟာဆွေတော်စဉ်သည်ကား ကပိလဝတ်ပြည့်ရှင် ဇယသေန မင်းကြီး၏သား သီဟ ဟနုမင်းနှင့် ဒေဝဒဟ ပြည့်ရှင် သြက္ကာကရာဇ်မင်း၏ သမီး ဘဒ္ဒကဉ္စနာတို့ကို စုံဖက်ရာမှ သားတော် သုဒ္ဓေါဒနမင်းကြီးကို ဖွားမြင်သည်။ ကပိလဝတ်ထီးနန်းကို သီရိမဟာမာယာဒေဝီတို့ စုံဖက်ရာတွင် သားတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်သည်။
အလောင်းတော် သေတကေတု နတ်သားသည် စုတေ၍ မယ်တော်မာယာ၏ ဝမ်းတိုက်၌ ပဋိသန္ဓေ တည်သောနေ့ သည်ကား မဟာသက္ကရာဇ် ၆၇ ခု၊ ဝါဆိုလပြည့်- ကြာသပတေးနေ့ ဖြစ်၍ ဖွားမြင်တော်မူသောနေ့ သည်ကား မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။ (ခရစ်တော် မပေါ်မီ သက္ကရာဇ် ၅၆၇-ခုနှစ် ဖြစ်သည်။) မဟာသက္ကရာဇ်သည်ကား သိဒ္ဓတ္ထမင်းသား၏ ဘိုးတော် (သီရိမဟာမာယာ၏ ခမည်းတော်) အဉ္စနမင်းကြီးနှင့် ဒေဝီလရသေ့တို့တိုင်ပင်၍ ဖြိုးခွင်းလိုက်သော သက္ကရာဇ် ၆၄၅ ခုမှ ၂-ခုကို အကြွင်းထား၍ တိုးတက်လာသော သက္ကရာဇ် ဖြစ်သည်။
ဥတ္တရာသဠ်နက္ခတ်နှင့်စန်းယှဉ်ခိုက် ဘုရားအလောင်းတော် ပဋိသန္ဓေယူချိန် မယ်တော်မာယာသည်လည်း အိမ်မက်မြင်မက်သည်။ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့သည် မယ်တော်မာယာ၏ အိပ်ရာသလွန်ကို ဟိမဝန္တာသို့ ယူဆောင်လျက် ဆေးဒါန်း၊ မြင်းသီလာ ကျောက်ဖျာအပြင် အင်ကြင်းပင်ကြီး၏ အောက်၌ချထားရာ နတ်မိဖုရား လေးယောက်တို့က ရေမိုးချိုးကာ ပန်းနံ့သာတို့ဖြင့် ဆင်ယင်လျက် ငွေတောင်ထိပ်၌ရှိသော ရွှေဗိမ္မာန်သို့ ဆောင်၍ အိပ်စေ၏။ ထိုအခါ ငွေသားကဲ့သို့ ဖြူစင်သော ဆင်ပြောင်ရတနာသည် မြောက်အရပ်မှ လာလတ်၍ မယ်တော်မာယာ၏ လက်ယာနံပါးမှ လှစ်၍ဝင်သည်ကို အိမ်မက်လေသည်။ ၃၂ ပါးသော ပုဗ္ဗနိမိတ်တို့သည်လည်း ထင်ကုန်လျက် စကြဝဠာတိုက်တစ်ထောင်အတွင်း၌ မြေတုန်လှုပ်လေသည်။
ပဋိသန္ဓေ ယူပြီးနောက် ဆယ်လစေ့သောအခါ မယ်တော်မဟာမာယာသည် ဆွေတော်မျိုးတော် မယ်တော်နှင့် ခမည်းတော်တို့၏ နေရာဖြစ်သော ဒေဝဒဟပြည်သို့ သွားလိုသော စိတ်ဆန္ဒဖြစ်ပေါ်လာသည်။ သုဒ္ဓေါဒန မင်းကြီးထံ လျှောက်ကြား၍ သွားခွင့်ပြုသောအခါ စစ်အင်္ဂါလေးပါး ဝန်းရံလျက် ရွှေထမ်းစင်ကို စီးကာ ထွက်ခွာလာသည်။
ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြားရှိ လုမ္ဗိနီ အင်ကြင်းဥယျာဉ်သို့ ရောက်သောအခါ ဝင်ရောက်ကစားလိုသဖြင့် ရွှေထမ်းစင်မှ ဆင်းကာ အင်ကြင်းပင်အောက်သို့ ဝင်ရောက်ခဲ့သည်။ ထိုနေရာ၌် မတ်တပ်ရပ်လျက် အင်ကြင်းကိုင်းကို လှမ်းကိုင်နေစဉ်မှာပင် ကမ္မဇလေ လှုပ်ရှား၍ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ သိဟ်လဂ်, ဗြိစ္ဆာစန်း, ဝိသာခါနက္ခတ်စန်းနှင့်ယှဉ်ခိုက် ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူသည်။ ထိုခဏ၌ပင် မြေကြီး တုန်လှုပ်လျက် အံ့ဖွယ်သရဲ အတိတ်နမိတ်တို့ ထင်ကုန်သည်။
မြတ်စွာဘုရားဖွားမြင်သည့်နေ့တစ်ချိန်တည်းတွင် ဖွားဖက်တော် (ရ) မျိုးရှိသည်။
ဖွားမြင်ပြီးလျှင်ပြီးချင်း ဘုရားလောင်းကလေးသည် အရှေ့အရပ်သို့မျက်နှာမူကာရပ်ပြီးနောက် မြောက်အရပ်ဘက်သို့ လှည့်တော်မူလျက် ခုနှစ်ဖဝါးသွား၍ ခြေစုံရပ်တန့်ပြီးသော် အဂ္ဂေါဟမသ္မိ လောကဿ = “ငါသည် လောကြီးတွင် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်၏” စသည်ဖြင့် ရဲရင့်စွာ ကြုံးဝါးတော်မူလေသည်။
ထို့နောက် ဒေဝဒဟ နှင့် ကပ္ပိလဝတ် ပြည်သူပြည်သားတို့သည် ဘုရားအလောင်းတော်ကလေးကို့ မယ်တော်နှင့်အတူ ကပ္ပိလဝတ် ပြည်သို့ ပြန်လည်ပင့်ဆောင်ကြလေ၏။
ဘုရားအလောင်းတော် ကပ္ပိလဝတ်ပြည်သို့ရောက်သောနေ့မှာပင် သုဒ္ဓေါဒနမင်းကြီး ဆည်းကပ်ကိုးကွယ်သော ကာဠဒေဝီလရသေ့သည် နတ်တို့ထံမှ ဘုရားလောင်းဖွားမြင်ကြောင်း သတင်းကြားရ၍ နန်းတော်သို့ ကြွလာပြီးလျှင် သားတော်လေးကို ကြည့်ရှုလိုကြောင်း ပြောကြားလေ၏။ သုဒ္ဓေါဒနမင်းကြီးသည် သားတော်လေးကို ပွေ့ချီ၍ ရသေ့ကြီးအား ရှိခိုးစေရန် ရသေ့ကြီးထံသို့ ရှေးရှုဆောင်ထားစဉ် ဘုရားအလောင်းတော်၏ ခြေအစုံသည်မြောက်တက်၍ ရသေ့ကြီး၏ခေါင်းထက်၌ တည်နေလေ၏။ ဘုရားအလောင်း၏ နောက်ဆုံးဘဝ၌ ဘုရားလောင်းက ရှိခိုးထိုက်သူ တစ်စုံ တစ်ယောက်မျှ မရှိချေ။ အကယ်၌ ဤအချက်ကိုမသိသောသူတို့က ဘုရားလောင်း၏ ဦးခေါင်းတော်ကို ရသေ့ကြီး၏ ခြေရင်းမှာထားလျှင် ရသေ့ကြီးဦးခေါင်းသည် ခုနှစ်စိတ် ကွဲလေရာ၏။ ရသေ့ကြီးကမူ ချက်ချင်းပင် နေရာမှထ၍ လက်အုပ်ချီလျက် နေလေ၏။ သုဒ္ဓေါဒန ဘုရင်ကြီးသည် ထူးခြားဆန်ကြယ် အံ့ဖွယ်သော ထိုအချင်းအရာကို မြင်၍ မိမိ၏သား ဘုရားလောင်းကလေးကို ရှိခိုးလေ၏။
ကာဠဒေဝီလ ရသေ့ကြီးသည် သမာပတ် ရှစ်ပါးကို ရရှိနေသောကြောင့် အတိတ်ကမ္ဗာလေးဆယ်၊ အနာဂတ်ကမ္ဗာလေးဆယ်ကို ဆင်ခြင်သိမြင်နိုင်သော တန်ခိုးရှိသူဖြစ်၏။ ဘုရားလောင်းကလေး၏ အင်္ဂါလက္ခဏာကို ကြည့်ရှု့သောအခါ မုချဧကန် ဘုရားဖြစ်မည့်သူဟု သိ၍ “ဤကလေးကာ အံ့သြဖွယ်ရာ ယောက်ျားမြတ်ပေတကား” ဟု ဆင်ခြင်မိသဖြင့် ပြုံးတော်မူသည်။ ထို့နောက် မိမိသည် ဤကလေးဘုရားဖြစ်သောအခါ ဘုရားကို ဖူမြော်ခွင့်ရပါမည်လောဟု တန်ခိုးဖြင့် ဆင်ခြင်ကြည့်လေ၏။ ထိုအခါ ဤကလေး ဘုရားမဖြစ်မီပင် မိမိကွယ်လွန်ပြီးလျှင် အရူပဘုံ၍ အရူပဗြဟ္မာဖြစ်ရမည်ကို မြင်သဖြင့် ဘုရားကို မဖူးမြင်ရဘဲ အဆုံးရှုံးကြီး ဆုံးရှုံးရတော့မည်ဟု သိရ၍ ငိုကျွေးလေ၏။
ထိုအခါ မင်းကြီးနှင့်တကွ နန်းတွင်းသူ နန်းတွင်းသားတို့သည် ရသေ့ကြီး ပြုံရယ်ခြင်း၊ ငိုခြင်း၏ အကြောင်းကို မေးကြ၍ ရသေ့ကြီးက ဖြစ်ပျက်ပုံ အကြောင်းစုံကို ရှင်းလင်းပြောပြလိုက်၏။
ဖွားမြင်ပြီး ၅-ရက်မြောက်၌ ဘုရားလောင်းကို သိဒ္ဓတ္ထ ဟုအမည်ပေးကြ၏။ “အကျိုးစီးပွားကို ပြီးစီးစေနိုင်သူ” ဟု အဓိပ္ပါယ်ရ၏။ သိဒ္ဓတ္ထ ကလေး၏ အင်္ဂါလက္ခဏာတို့ကို ပုဏ္ဏားတော်များကို ကြည့်ရှုစစ်ဆေးစေရာ ပုဏ္ဏား ရ-ယောက်က စကြဝတေးမင်း သော်လည်း ဖြစ်လိမ့်မည်။ ဘုရားသော်လည်း ဖြစ်လိမ့်မည် ဟု ဟောကြ၏။ အငယ်ဆုံးဖြစ်သော ကောဏ္ဍညအနွယ် ဖြစ်သည့် သုဒတ္ထ ပုဏ္ဏားကလေးကမူ မုချဘုရား ဖြစ်မည်ဟု တစ်ခွန်းတည်း အတပ် ဟောလိုက်၏။
ဘုရားလောင်းဖွားမြင်ပြီးနောက် ခုနှစ်ရက် မြောက်သောအခါ မယ်တော် မဟာမာယာဒေဝီ နတ်ရွှာစံလေသည်။ ယင်းသို့နတ်ရွာစံခြင်းမှာ ဘုရားလောင်းကို ဖွားမြင်ခြင်းကြောင့် နတ်ရွာစံခြင်းမဟုတ်၊ သက်တမ်းစေ့ခြင်းကြောင့် နတ်ရွာစံခြင်းသာဖြစ်သည်။ ဘုရား၏မယ်တော်တို့၏ ဖြစ်ရာ တုသိတာနတပြည်၏ သန္ဒုသိတ နတ်မင်းဖြစ်လေသည်။
မိဖုရားကြီး မဟာမာယာဒေဝီနတ်ရွာစံသောအခါ သုဒ္ဓေါဒန မင်းကြီးသည် မိဖုရားကြီး၏ညီမတော် ဖြစ်သော မိထွေးတော် ဂေါတမီကို မိဖုရားကြီးမြှောက်လိုက်သည်။ မိထွေးတော် ဂေါတမီသည် မိမိ၏သားတော်ရင်း နန္ဒမင်းသားကလေးကို အထိန်းတော်များထံ အပ်နှံ၍ မိမိကမူ သိဒ္ဓတ္ထမင်းသားကလေးကို ကိုယ်တိုင်ပင် နို့ချိုတိုက်ကျွေး မွေးမြူပြုစုလေ၏။
လယ်ထွန်မင်္ဂလာ
သိဒ္ဓတ္တမင်းသားကလေးသည် မိမိအနီး၌ မည်သူမျှ မရှိကြောင်းသိသောအခါ ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်ပြီးလျှင် အာနပါန ပထမဈာန်ကို ဝင်စားလျက်နေ၏။ အချိန်အတော်ကြာမှ အထိန်းတော်များ သတိရ၍ပြန်လာပြး ကြည့်ရှုသောအခါ ဘုရားအလောင်းတော်ကလေး ဈာန်ဝင်စားနေသည်ကို တအံ့တသြ မြင်ကြရ၍ မင်းကြီးအားသွားရောက်လျှောက်ထားကြ၏။
သုဒ္ဓေါဒန မင်းကြီးသည် သားတော်သိဒ္ဓတ္ထ လောကကို ငြီးငွေ့ပြီး တောမထွက်ရေး၊ ဘုရားမဖြစ်ရေးအတွက် နန်းတော်တွင်း၌ ပျော်ပိုက်စေရန် စည်းစိမ်ချမ်းသာ အမျိုးမျိုးကို ဖန်တီး၍ ပေးထားသည်။
သိဒ္ဓတ္ထ မင်းသား ၁၆ နှစ်အရွယ်ရောက်သောအခါ သာကီမျိုး သာကီနွယ်ဖြစ်သည့် သုပ္ပဗုဒ္ဓဘုရင်၏ သမီးတော် ယသော်ဓရာနှင့် လက်ထပ်ပေး၏။ သိဒ္ဓတ္ထသည် ယသောဓရာ မင်းသမီးနှင့်အတူ ထီးနန်းစည်စိမ်ကို ၁၃ နှစ်တိုင်တိုင် ခံစားလျက်နေ၏။
နမိတ်လေးပါး
တောထွက်ခြင်း
ထိုညနေ့၌ အနှောင်အဖွဲ့တွေထဲက ရုန်းထွက်ကာရဟန်းပြုရေးကိုသာ အပြန်ပြန်အလှန်လှန် စဉ်းစားရင်း သိဒ္ဓတ္ထ အိပ်ပျော်သွား၏။ သန်းခေါင်အချိန်တွင် တရေးနိုးလာသောအခါ၌လည်း ရဟန်းပြုလိုသည့်စိတ်သည်သာလျှင် စိတ်ထဲ၌ ဖြစ်ပေါ်နေ၏။ ပြန်အိပ်၍ မရပေ၊ အနီးပတ်ဝန်ကျင်ကို ကြည့်မိလိုက်ရာ မိမိကို တူရိယာများဖြင့် ဖျော်ဖြေသော အမျိုးသမီးများ တရှူးရှူးတစ်ခေါခေါဟောက်လျက် ကိုးရိုကားယား အိပ်ပျော်နေကြသည်ကို မြင်ရသောအခါ သုဿန်ခွင်ရှိလူသေကောင်များကဲ့သို့ ထင်မှတ်တော်မူကာ ကာမဂုဏ်ကို ငြီးငွေ့ကာ “ကြောက်စရာ စက်ဆုပ်စရာ လောကကြီးပါကလား” ဟု ပို၍ထိပ်လန့်သွား၏။
သို့ဖြင့်ချက်ချင်း စက်ခန်းဆောင်မှထွက်၍ ဖွားဖက်သော ဆန္နကို ခေါ်ကာညဥ့်သန်းကောင်ယံ အချိန်၌ပင် ကဏ္ဍကမြင်းကို ကုန်းနှီးတင်စေပြီးလျှင် ဆန္နနှင့်အတူ မြင်းစီးလျက်ထွက်ခဲ့၏။ တောထွက်တော်မူသော နေ့သည်ကား မဟာသက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့် တနင်္လာနေ့ ဖြစ်သည်။ ဘုရားအလောင်းတော် တော်ထွက်တော်မူသည်ကို ဝသဝတ္တီနတ်ပြည်မှ မာရ်နတ်မင်းက လာရောက်တားဆီးတော်လည်း လက်မခံပဲ ထွက်ခွာလာရာ တစ်ညချင်းပင် သာကိယ၊ ကောလိယ၊ မလ္လ ဟူသော တိုင်းပြည်သုံးခုကို ကျော်ဖြတ်ပြီးနောက် ယူဇနာသုံးဆယ်ဝေးသော အနောမာ မြစ်ကမ်းသို့ရောက်လေ၏။
အနောမာမြစ်ကမ်း၌ ဘုရားလောင်းသည် ဆံတော်ကို သံလျက်ဖြင့်ရိတ်ဖြတ်ပြီးလျှင် ဃဋ္ဋိကာရ ဗြဟ္မာကြီး လှူဒါန်းသော ပရိက္ခရာ ရှစ်ပါးကို ခံယူ၍ သင်္ကန်းကိုဝတ်ကာ မြင့်မြတ်သော ရဟန်းအသွင်ကို ယူလိုက်သည်။ ထို့နောက် ဖွားဖက်တော် ဆန္နအမတ်နှင့် ကဏ္ဍကမြင်းကို ပြန်လွှတ်လိုက်ပြီးလျှင် မလှမ်းမကမ်းရှိ အနုပိယ သရက်တောသို့သွား၍ ထိုသရက်တော်၌ ခုနှစ်ရက်မျှ ပဗ္ဗဇ္ဇသုခ = ရဟန်းချမ်းသာကို ခံစားလျက်နေ၏။
ထို့နောက် ဘူမိနက်သန် တရားရမည့်နေရာမှန်ကို ရှားရင်းခရီးဆက်ခဲ့ရာ ရာဇဂြိုလ်မြို့ အနီးရောက်လျှင် မြို့တွင်းသို့ ဆွမ်းခံဝင်ပြီးနောက် ပဏ္ဍဝတောင်ခြေ၌ ဆွမ်းဘုန်းပေးနေ၏။ ထူးခြားသော ပုဂ္ဂိုလ်ဖြစ်၍ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရဘုရင် လိုက်လာပြီးလျှင် ထီးနန်းကို လွှဲအပ်သောအခါ အလောင်းတော် သိဒ္ဓတ္ထက ဘုရားအဖြစ်ရရေးအတွက် တောထွက်ခဲ့ခြင်း ဖြစ်ကြောင်းပြောပြပြီးလျှင် ငြင်းပယ်လိုက်၏။ ဗိမ္ဗိသာရက ဘုရားအဖြစ်သို့ ရောက်လျှင် သူထံသို့ ရှေးဦးစွာကြွလာဖို့ လျှောက်ထားသဖြင့် ကြွလာမည်ဖြစ်ကြောင်း ဝန်ခံကတိပေးပြီးလျှင် ခရီးဆက်ခဲ့၏။
ဆရာရသေ့နှစ်ပါး
ရာမ ရသေ့ကြီး၏ သားတပည့် ဥဒက ရသေ့ကြီးထံ နည်းခံ၍ ကျင့်ကြံပြန်ရာ ဈာန်သမာပတ် ရှစ်ပါးအထိ ချက်ချင်းရလေ၏။ ဥဒက ရသေ့သည် ဘုရားလောင်း သိဒ္ဓတ္ထမင်းသားနှင့် တွေ့စအချိန်၌ သူကိုယ်တိုင် ဈာန်သမာပတ်ရှစ်ပါးကို မရသေးပေ၊ သူ့ဆရာ ရာမ ရသေ့ကြီးသင်ကြားပေးထားသည့်နည်းကိုသာ ဘုရားလောင်းအား သင်ကြားပေးခြင်းဖြစ်၏။ ထိုနည်းအတိုင်း ဘုရားလောင်းကျင့်၍ ဈာန်သမာပတ် ရှစ်ပါးကို ရပြီးမှ ဘုရားလောင်းကို အားကျ၍ သူကိုယ်တိုင် ကျင့်ကြံသောအခါ သမာပတ်ရှစ်ပါးကို ရခြင်းဖြစ်၏။ ဥဒက ရသေ့လည်း ထို့ထက်ပို၍ မသိသဖြင့် ဘုရားလောင်းသည် ဥဒက ရသေ့ထံမှလည်း ထွက်ခွာခဲ့၏။
သိဒ္ဓတ္ထသည် ဥဒက ထံမှ ထွက်ခွာခဲ့၍ ဥရုဝေလ တောသို့ရောက်လျှင် တော၏သာယာပုံ၊ မွေ့လျော်ဖွယ်ရှိပုံကို နှစ်သက်သဘောကျ၍ မိမိကြားဖူး သိဖူးထားသော ကျင့်နည်းကြံနည်း ဟူသမျှကို ဤတော၌ အပြင်းအထန်ကျင့်ကြံအားထုတ်တော့၏။ ကပ္ပိလဝတ်မှ ကောဏ္ဍည ခေါင်းဆောင်သော ရသေ့ငါးပါးသည်လည်း သိဒ္ဓတ္ထတောထွက်ရာသို့ လိုက်လာကြရာ ဥရုဝေလ၌ သိဒ္ဓတ္ထကို မီ၍ ဘုရားလောင်းလွတ်လွတ်ကျွတ်ကျွတ်ပြင်းပြင်းထန်ထန် အားထုတ်နိုင်ရန် ဝတ်ကြီးဝတ်ငယ်ပြုလျက် နေကြ၏။
သိဒ္ဓတ္ထသည် အစာကို တစ်ဖြည်းဖြည်း လျှော့၍ကျင့်ရာမှ နောက်ဆုံးတွင် အစာဖြတ်၍ကျင့်၏။ ထိုအချိန်တွင် အပ္ပါဏကဈာန်ခေါ်သည့် ထွက်သက်ဝင်သက်ကို ချုပ်ထိန်းထားသောအကျင့်ကို ကျင့်ရာ ကြီးမားပြင်ထန်လှသော ဝေဒနာကို ခံစားရသဖြင့် ခံနိုင်အားမရှိသော ခန္ဓာကိုယ်သည် စင်္ကြန်ဦး၌ လဲလေတော့၏။
အကျင့်မှားကိုစွန်ပြီ
ဘူမိနက်သန်သို့
ဘုရားလောင်းသည် မြစ်ကမ်းပေါ်သို့ တက်ပြီးလျှင် တောလုံးဝေအောင် ပွင့်နေသောအင်ကြင်းတောသို့ဝင်ကာ နေ့သန်စင်လျက် နေလေ၏။ ညနေချမ်းရောက်သောအခါ နေရဉ္စမြစ်ကို ဖြတ်၍ အနောက်ဘက်ကမ်းသို့ကူးပြီးလျှင် ဂယာသီသနှင့် မလှမ်းမကမ်းရှိ တောအုပ်အဝင်တွင် မြက်ရိတ်ပုဏ္ဏား သေတ္ထိယက မြက်ရှစ်ဆုပ် လှူသည်ကို ခံယူပြီးလျှင် အရိပ်ကောင်းသော ညောင်ဗုဒ္ဓဟေပင်အောက်၌ ပင်စည်၏ အရှေ့ဘက်တွင် ဖြန့်ခင်းလိုက်ရာ သက်တောင့်သက်သာ ထိုင်စရာ ပလ္လင်ကို ရလေ၏၊
ဘုရားလောင်းသည် ညနေစောင်းတွင် ညောင်ဗုဒ္ဓဟေပင်၏ အောက်၌ခင်းထားအပ်သော ပလ္လင်ထက်ဝယ် ပင်စည်ကို ကျောပေးလျက် အရှေ့ဘက်သို့မျက်နှာမူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူပြီးလျှင် “ဘုရားမဖြစ်သမျှ ဤနေရာမှ မထ” ဟု အဓိဋ္ဌာန်တော်မူ၏။ ထိုနေ့သည်ကား ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ တည်း။
ထို့နောက်သူဖွားပြီး၍ မကြာမီပင် သူ့ခမည်းတော် လယ်ထန်မင်္ဂလာပွဲ ကျင်းပနေစဉ်က သပြေရိပ်တွင် သူဝင်စားခဲ့သော အာနာပါနဈာန်ကို သတိရ၍ ထိုဈာန်ကိုပင် အခြေခံလျက် ကျင့်ကြံအားထုတ်လေ၏။ ဂီရိမေခလာ အမည်ရှိသော ဆင်ကိုစီး၍ လာရောက်နှောင့်ယှက်သော မာရ်နတ်၏ ရန်ကို နေမဝင်မီ အောင်တော်မူ၏။
ညဥ့်ဦးယံတွင် ရှေးရှေးဘဝ၌ ဖြစ်ခဲ့ဖူးသည်များကို ပြန်၍သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။ သန်းကောင်ယံ၌ နတ်မျက်စိကဲ့သို့မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်။ မိုးသောက်ယံ၌ ကိလေသာ အာသဝေါတရားတို့ကို အကြွင်းမဲ့ ကုန်ခန်းစေသော အာသဝက္ခယဉာဏ် နှင့် သဗ္ဗညုတဉာဏ်ကို ရတော်မူပြီးလျှင် သက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူလေ၏။ သက်တော်ကား ၃၅ နှစ်မျှသာ ရှိသေး၏။
ဘုရားဂုဏ်တော် ၉ ပါး မှာ
၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
ခုနှစ်ရက် ခုနှစ်လီ စံနေတော်မူခြင်း
အနိမိသ သတ္တဟ – ထို့နောက် ဒုတိယ သတ္တာဟ၌ ပလ္လင်တော်မှထ၍ ဗောဓိပင်၏ အရှေ့မြောက်အရပ်၌ ရပ်တော်မူပြီးလျှင် ဗောဓိပင်နှင့်ပလ္လင်ကို မမှိတ်သော မျက်လုံးတော်ဖြင့် ကြည့်တော်မူပြီးလျှင် “ဤပလ္လင်ထက်၌ သဗ္ဗညူတ ဉာဏ်တော်ကို ရပေသည်” ဟု ဆင်ခြင်တော်မူလျက် ခုနှစ်ရက်ပတ်လုံး စံနေတော်မူ၏။
ရတနာဃရသတ္တာဟ – ထို့နောက် စတုတ္ထသတ္တာဟ၌ ဗောဓိပင်၏ အနောက်မြောက်အရပ်တွင် နတ်တို့ဖန်ဆင်းထားသော ရတနာဃရ ရွှေအိမ်တော်၌ ဝိနည်း, သုတ္တန်, အဘိဓမ္မာ ပိဋကတ် သုံးပုံတို့တွင် အဘိဓမ္မာပိဋကတ်ကို အထူးထား၍ ဆင်ခြင် သုံးသပ်တော်မူလျက် ခုနှစ်ရက်ပတ်လုံး စံနေတော်မူ၏။
အဇပါလသတ္တာဟ – ထို့နောက် ပဉ္စမ သတ္တာဟတွင် ဗောဓိပင်၏အရှေ့အရပ်၌ရှိသော ဆိတ်ကျောင်းညောင်ပင် (=အဇပါလ) ရှိရာသို့ ကြွတော်မူ၍ ထိုညောင်ပင်ရင်း၌ တရားတော်တို့ကို ဆင်ခြင်သုံးသပ်လျက် ခုနှစ်ရက်ပတ်လုံး စံနေတော်မူ၏။
မုစလိန္ဒ သတ္တာဟ – ထို့နောက် ဆဋ္ဌမသတ္တာဟ၌ ဗောဓိပင်၏ အရှေ့တောင်အရပ်ရှိ ကျည်းပင်ရင်း (မုစလိန္ဒ)သို့ ကြွတော်မူ၍ ခုနှစ်ရက်ပတ်လုံး ဝိမုတ္တသုခကို ခံစားတော်မူ၏။ နုစလိန္ဒ နဂါးမင်းသည်လည်း မြတ်စွာဘုရားကို အအေးအပူတို့ မနှိပ်စက်စေခြင်းငှာ မိမိကိုယ်ကို ခုနှစ်ခွေ ခွေ၍ ပါးပျဉ်းဖြင့် ဘုရားရှင်ကို မိုးကာထား၏။
ရာဇာယတန သတ္တာဟ – ထို့နောက် သတ္တမ သတ္တာဟ၌ ဗောဓိပင်၏ တောင်အရပ်ရှိ လင်းလွန်းပင် (=ရာဇာယတန) သို့ကြွတော်မူ၍ လင်းလွန်းပင်ရင်း၌ ခုနှစ်ရက်ပတ်လုံး ဝိမုတ္တိသုခကို ခံစားတော်မူလျက် စံနေတော်မူ၏။
အစဆုံး သရဏဂုံတည်သူများ
ကုန်သည်ညီနောင်တို့က အမြဲကိုးကွယ်ဖို့ရာ ပူဇော်ဖွယ် တစ်ခုခု ချီးမြှင့်တော်မူပါရန် လျှောက်ထားကြလေသောအခါ မြတ်စွာဘုရားက ဆံတော်ကို လက်ဖြင့်သပ်၍ လက်တွင်ပါလာသော ဆံတော်ဓာတ်တို့ကို ချီးမြှင့်တော်မူလိုက်၏။ ကုန်သည်ညီနောင်တို့သည် ဥက္ကာလာသို့ ပြန်ရောက်သောအခါ ထို ဆံတော်တို့ကို ဋ္ဌာပနာ၍ စေတီတည်ထားကြ၏။
မြတ်စွာဘုရားသည် ခုနှစ်ခုမြောက် သတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူပြီးနောက် ဆိတ်ကျောင်းညောင်ပင်သို့ တစ်ဖန်ကြွတော်မူ၍ သီတင်းသုံးတော်မူ၏။ ဤနေရာ၌ သီတင်းသုံးတော်မူစဉ် မည်သူ့အား အစဦးတရား ဟောသင်သနည်းဟု ဆင်ခြင်တော်မူရာ ဆရာ ရသေ့ကြီး နှစ်ပါးဖြစ်ကြသော အာဋ္ဌာရ နှင့် ဥဒက တို့ ကွယ်လွန်ကြပြီကို သိ၍ ပဉ္စဝဂ္ဂီ ရသေ့ငါးပါးတို့အား တရားဟောရန် ဆင်ခြင်ကြည့်သောအခါ ဣသိပတန မိဂဒါဝုန် (ဘေးမဲ့တော)၌ သီတင်းသုံးနေကြကြောင်း တွေ့ရ၏။
သို့ဖြင့် ဝါဆိုလဆန်း ၁၄ ရက်နေ့ ညဥ့်အထိ ဗောဓိမဏ္ဍိုင် အနီး၌ စံနေတော်မူပြီးလျှင် ဝါဆိုလပြည့်နေ့၌ မိဂဒါဝုန်သို့ ဦးတည်လျက် ကြွတော်မူ၏။ လမ်းခရီးတွင် ဥပက တက္ကဒွန်းနှင့် တွေ့၍ မိမိအမည် ဇိနဖြစ်ကြောင်းမိန့်တော်မူခဲ့၏။ သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့် စနေနေ့ ည၌ မိဒဝုန်တောတွင် ပဉ္စဝဂ္ဂိ ငါးဦးဟုခေါ်သော ရသေ့ငါးဦးအား ဓမ္မစကြာတရား ဟောတော်မူရာ ကောဏ္ဍည ရသေ့ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရ၍ ရဟန်းပြုပေးတော်မူ၏။ ကျန်ရသေ့များ တရားကို ဆက်လက်အားထုတ်ကြရာ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့၌ အရှင်ဝပ္ပ၊ ၂-ရက်နေ့၌ အရှင်ဘဒ္ဒိယ၊ ၃-ရက်နေ့၌ အရှင်မဟာနာမ်၊ ၄-ရက်နေ့၌ အရှင်အဿဇိ အသီးသီး သောတာပန် ဖြစ်ကြ၏။
တရားဂုဏ်တော် ၆ ပါး
မြတ်စွာဘုရားသည် ပထမဝါ၌ မိဂဒါဝုန်တောတွင်ပင် ဝါဆိုတော်မူ၏။ နာလက ရသေ့အား မောနေယျအကျင့်ကို ဟောတော်မူ၏။ သဋ္ဌေးသား ဟသကိုလည်ကောင်း၊ သူ၏ သူငယ်ချင်း ၅၄-ယောက်တို့ကို လည်ကောင်း တရားရစေကာ ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူ၏။ ယသ၏ မိဘများနှင့် ဇနီးဟောင်းတို့ သောတပန် ဖြစ်ကြ၏။
ဘုရားရှင်ကိုယ်တိုင်မှာမူ တစ်ပါးတည်း ဥရုဝေလ တောသို့ ကြွတော်မူ၏။ လမ်းခရီးအကြား၌ ကပ္ပါသိက တောအုပ်အတွင်း သစ်ပင်တစ်ပင်အောက်၌ ခေတ္တနားနေစဉ် ဘဒ္ဒဝဂ္ဂီ ညီနောင် သုံးကျိပ်တို့ မိန်းမတစ်ယောက်ကို လိုက်ရှာရာမှ ဘုရားရှင်နှင့်တွေ့၍ တရားနာရသဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များ ဖြစ်ကြကာ ရဟန်းပြုကြ၏။
ဥရုဝေလ တော၌ သုံးလမျှ သီတင်းသုံးလျက် ဥရုဝေလရသေ့၏ မီးတင်းကုတ်ထဲမှ နဂါးဆိုးကြီးကို တန်ခိုးဖြင့် နှိမ်နှင်းတော်မူပြီးလျှင် ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ ရသေ့ညီနောင် သုံးဦးတို့နှင့်အတူ သူတို့၏တပည့်တစ်ထောင်ကိုပါ အယူမှားများကို စွန့်စေ၍ ရဟန်းပြုပေးတော်မူ၏။ ထိုရဟန်းတစ်ထောင်တို့ကို ဂယာသီသ၌ အာဒိတ္တပရိယာသ ဒေသနာကို ဟောကြားသောအခါ အားလုံး ရဟန္တာ ဖြစ်သွားကြ၏။
ဗိမ္ဗိသာရ ဘုရင်အား ပေးခဲ့သည့်ကတိအတိုင်း ပြာသိုလပြည့်ကျော် ၁ ရက်နေ့၌ ထိုရဟန်းတစ်ထောင် ခြံရံလျက် ရာဇဂြိုလ်သို့ ကြွတော်မူ၍ အမြိုက်တရား ဟောကြားတော်မူရာ မြတ်စွာဘုရား၏တရားတော်ကို နာကြားရသော ဗိမ္ဗိသာရ ဘုရင် နှင့်တကွ မြို့သူမြို့သား အများအပြား တရားရကြ၏။ ဗိမ္ဗိသာရ ဘုရင်က သူ၏ ဝါးတောဥယျာဉ် အတွင်း၌ ကျောင်းဆောက်ပြီးလျှင် မြတ်စွာဘုရားကို လှူဒါန်း၏။ ဝေဠုဝန် ကျောင်းတော်ဟု ထင်ရှား၏။
ထိုအချိန်တွင် အမှန်တရားကို ရှာနေကြသော ဥပတိဿ နှင့် ကောလိတ သူငယ်ချင်း ပရိဗိုဇ် နှစ်ယောက်သည် သိဉ္စည်း ဆရာကြီး အထံ၌ တပည့်ခံလျက်ရှိကြ၏။ တစ်နေ့တွင် ပဉ္စဝဂ္ဂီ တစ်ပါးဖြစ်သော အရှင်အဿဇိ ရာဇဂြိုလ်မြို့တွင်း ဆွမ်းခံကြွရာ ဥပတိဿ ကမြင်၍ ကြည်ညိုသဖြင့် တပည့်ခံကာ မေးမြန်းရာ ကြောင်းကျိုးနိယာမသဘော ဘုရားဟောသည်ကို အရှင်အဿဇိက ပြန်လည်ဟောပြလိုက်၏။ ဥပတိဿ တရားသဘောပေါက်ကာ သောတာပန် ဖြစ်သွား၍ သိဉ္စည်းကြီး၏ကျောင်းသို့ ပြန်ရောက်သောအခါ သူငယ်ချင်း ကောတိတကို ပြန်ပြောပြရာ ကောလိတလည်း သောတာပန်ဖြစ်သွား၏။ သူငယ်ချင်းနှစ်ဦး တပည့်ငါးရာကိုပါ ခေါ်ခဲ့၍ သိဉ္စည်း၏ အရာမ်မှ ထွက်ခဲ့ကြပြီးနောက် တပို့တွဲလဆန်း ၁ ရက်နေ့တွင် ဘုရားရှင်ထံမှောက်သို့ ရောက်ကြကာ ရဟန်းအဖြစ် တောင်းသဖြင့် မြတ်စွာဘုရားက ရဟန်းပြုပေးတော်မူ၏။ မြတ်စွာဘုရား တရားဟော်တော်မူသောအခါ သူတို့၏ တပည့်ငါးရာမှာ ရဟန္တာများ ဖြစ်သည်အထိ တရားသိသွားကြ၏။
အရှင်သာရိပုတ္တရာ
အရှင်မောဂ္ဂလ္လာန်
ခမည်းတော်ကအပင့်လွှတ်ခြင်း
နောက်ဆုံးတွင် မြတ်စွာဘုရား၏ ဖွားဖက်တော် ကစားဖော်ဖြစ်ခဲ့သော ကာဠုဒါယီ အမတ်ကို ရှေးနည်းအတိုင်း စေလွှတ်ပြန်၏။ ကာဠုဒါယီ အမတ်ကြီးနှင့် အခြွေအရံတစ်ထောင်လည်း ရဟန္တာ ဖြစ်သွားကြပြန်၏။ အရှင် ကာဠုဒါယီသည် မင်းကြီးကို ဝန်ခံခဲ့သည့်အတိုင်း တပေါင်းလပြည့်နေ့တွင် မြတ်စွာဘုရားအထံသို့အရောက်သွား၍ ဆောင်ကုန်နွေကူ တပေါင်းလ ရာသီထူး၏ မပူမအေးဖြစ်၍ သာယာပုံ၊ သစ်ပင်များ ရွက်ညွန့်တွေ ထွက်ချိန်ဖြစ်၍ ရှုမငြီးအောင် သာယာပုံ၊ ရာသီနှင့်တောတောင် သာယာလှသဖြင့် သားကောင်များ၊ ကျေးငှက်များလည်း သာသာယာယာ တွန်ကျူးလျက် မြူးတူးရွှင်ပျော်နေကြပုံ အစုံစုံတို့ကို ဖေါ်ပြလျက် မြတ်စွာဘုရားအား ကပ္ပိလဝတ်ပြည်သို့ကြွရန် အရေးကို တောတောင်ဘွဲ့ ပါဠိကဗျာ ဂါထာပေါင်း ခြောက်ဆယ်ကို သီကုံးရွတ်ဆိုကာ တောတောင်ပန်းချီကားကြီး ရေးခြယ်သည့်နှယ် အကျယ်တဝင့် တင်ပြလျှောက်ထားလေ၏။
မြတ်စွာဘုရားသည် ကပ္ပိလဝတ်သို့ ရောက်သောအခါ ပထမနေ့၌ တန်ခိုးပြာဋိကာ ပြ၍ဆွေမျိုးတို့၏ အပူဇော်ကို ခံတော်မူ၏။ ဒုတိယနေ့၌ ကပ္ပိလဝတ် မြို့တွင်းသို့ဆွမ်းခံကြွရာမှ ခမည်းတော်မင်းကြီးကို တရားဟောရာ သကဒါဂါမ် ဖြစ်သွား၏။ (နောင်တွင် ထီးဖြူအောက်၌ပင် ရဟန္တာ ဖြစ်သွား၏) တတိယနေ့တွင် ညီတော် နန္ဒမင်းသားကို ရဟန်းပြုပေး၏။ သတ္တမနေ့တွင် သားတော် ရာဟုလာ ၇-နှစ်သားကလေးက မယ်တော်၏ သင်ကြားပေးချက်အရ ဘုရားရှင်ထံ အမွေတောင်းသောအခါ ကျောင်းတော်သို့ခေါ်ခဲ့ပြီးလျှင် အရှင်သာရိပုတ္တရာထံ အပ်နှံကာ သရဏဂုံပေး၍ ရှင်သာမဏေ ပြုပေးစေ၏။ ထို့နောက် မြတ်စွာဘုရားသည် ရာဇဂြိုလ်သို့ပင် ပြန်ကြွတော်မူ၏။
မြတ်စွာဘုရားသည် ရာဇဂြိုလ်၌ ဒုတိယ ဝါဆိုတော်မူ၏။ ရာဇဂြိုလ်သူဋ္ဌေးသည် သံဃာတော်များ ချုံကြိုချုံကြား သစ်ပင်များအောက်မှာ နေကြသည်ကို မကြည့်ရက်နိုင်သဖြင့် သံဃာတော်များမှတစ်ဆင့် မြတ်စွာဘုရားအား ကျောင်းဆောက်ခွင့်ပြုဖို့ လျှောက်ထားရာ ဘုရားရှင် ခွင့်ပြုတော်မူသဖြင့် ကျောင်းဆောက်လှူဒါန်း၏။
ဝါကျွတ်သောအခါ ရာဇဂြိုလ်သူဋ္ဌေး၏ အဆွေတော် သာဝတ္ထိပြည်မှာ အနာထပိဏ် သူဋ္ဌေးကြီးသည် အရောင်းအဝယ်ကိစ္စဖြင့် ရာဇဂြိုလ်သို့ရောက်လာ၏။ ဘုရားပွင့်တော်မူကြောင်း သိရသောအခါ မြတ်စွာဘုရားသီတင်းသုံးတော်မူရာ သီတဝန တောကျောင်းသို့သွား၍ ဖူးမြော်ကာ တရားရသဖြင့် သောတာပန် ဖြစ်သွား၏။
ထိုအချိန်မှစ၍ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌သာ များသောအားဖြင့် သီတင်းသုံးလျက် သက်တော် ရှစ်ဆယ် (၈၀)အထိ သတ္တဝါတို့၏ ဆင်းရဲငြိမ်းရေး ချမ်းသာရေးကိုသာ ဆောင်ရွက်တော်မူပြီးလျှင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ် အတွင်းဝယ် ဝါတော် ၄၅-ဝါ သက်တော်ရှစ်ဆယ် (၈၀)ပြည့်တော်နှစ် သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် ရုပ်နာမ်ခပ်သိမ်းချုပ်ပြတ်ငြိမ်း၍ သံသရာဇတ်သိမ်းကာ ပရိနိဗ္ဗာန် စံဝင်တော်မူလေ၏။
မြတ်စွာဘုရား ဝါဆိုတော်မူရာ ဋ္ဌာနများ
အသမ္ဘိန္န ဓာတ်တော် ၇ ပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment